BRT Lite ယာဉ် မှတ်တိုင်များ ဖျက်ဆီးခံရ၊ ယာဉ်စီးခမပေးချေဘဲ စီးနင်းနေမှုများရှိနေ


****************************************

ရန်ကုန်မြို့တွင် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ လီမိတက်မ BRT Lite စနစ်ဖြင့် ယာဉ်နောက်လိုက် မပါဝင်သော ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေရ သည့် ယာဉ်လိုင်းပြေးဆွဲလျက်ရှိရာတွင် ယာဉ်လိုင်းတစ်လျှောက် ယာဉ်ရပ် မှတ်တိုင်အချို့ ဖျက်ဆီးခံရခြင်းနှင့် ခရီးသည် အချို့မှာလည်း ယာဉ်စီးခ ပေးချေခြင်းမရှိဘဲ စီးနင်းမှုများ ကြုံတွေ့နေရကြောင်း အဆိုပါကုမ္ပဏီထံက သိရသည်။

''ယာဉ်ရပ်မှတ်တိုင်တွေ ဖျက်ဆီးခံနေရတာ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အနူးအညွတ် မေတ္တာရပ်ခံလျက် ရှိပါတယ်။ အများပြည်သူ ဘက်ကလည်း ပူးပေါင်း ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ စီစီတီဗွီကင်မရာ မှတ်တမ်းတွေက ဖြစ်စေ၊ မိဘပြည်သူတွေက ဆက်သွယ် သတင်းပေးပို့ တာဖြစ်စေ တည်ဆဲဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားပါမယ်။ ဒီယာဉ်လိုင်းစနစ် အောင်မြင်ဖို့ဆိုတာ အသိပညာပေးတာနဲ့တင် မလုံလောက်ပါဘူး။ ပြည်သူလူထု ပူးပေါင်းပါဝင်မှ အောင်မြင်မှာပါ။ ကားပေါ်တန်းစီတက်တဲ့ အလေ့အထ၊ ပိုက်ဆံ ထည့်တဲ့ အလေ့ အထ၊ ငွေပေးကတ်ကို စက်နဲ့ပေးတဲ့ အလေ့အထ တွေကနေ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဘတ်စ်ကား လိုင်းလိုမျိုး ရေရှည်အောင်မြင်အောင် လုပ်နိုင်ဖို့ အားလုံး ပူးပေါင်းပါဝင်ဖို့ လိုပါတယ်'' ဟု အဆိုပါကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ယင်းအပြင် အဆိုပါယာဉ်လိုင်း စနစ်သည် ယာဉ် နောက်လိုက်မပါဝင်ဘဲ ယာဉ်နောက်လိုက်ထံ ငွေပေးချေ နေရသည့် အခက်အခဲများ ကင်းလွတ်စေရန်နှင့် ငွေအကြွေ ပြဿနာ၊ ယာဉ်နောက်လိုက်နှင့် ဆက်ဆံရေး မပြေလည် မှုပြဿနာများ မဖြစ်ပေါ်စေရန် နိုင်ငံ တကာမြို့ပြများရှိ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်များတွင် အသုံးပြုနေသည့် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေသည့် စနစ်ကို ကျင့်သုံး လျက်ရှိရာ ခရီးသည် အချို့မှာ ယာဉ်စီးခပေးချေခြင်းမရှိဘဲ စီးနင်းနေခြင်း၊ ငွေပေးချေကတ် မရှိသူများအတွက် ယာဉ် စီးခ ကျပ် ၃ဝဝ ကို ငွေထည့်ပုံးထဲသို့ ထည့်ဝင်စေသော် လည်း အပြည့်အဝပေးချေမှုမရှိဘဲ စီးနင်းနေခြင်းများကို ကြုံတွေ့နေရသည်ဟု သိရသည်။

''ယာဉ်စီးခကို ငွေဖြည့်ကတ်(Anypay Card) နဲ့ ပေးတဲ့စနစ်ကို လုပ်ထားပေမယ့် ကြိုတင်ဝယ်မထားတဲ့သူ တွေအတွက် အဆင်ပြေစေဖို့ ကားပေါ်မှာ ထားထားတဲ့ ငွေထည့်ပုံးထဲကို ယာဉ်စီးခ ကျပ် ၃ဝဝ ကိုယ်တိုင် ထည့် စနစ်နဲ့ စီးနင်းလို့ရအောင် လုပ်ထားပေးပါတယ်။ ဒါပေမယ့် ငွေရေ တွက်ရင် ဆုတ်ပြဲနေတဲ့ငွေတွေ၊ တစ်ပိုင်းသာပါတဲ့ ငွေတွေ၊ ကျပ် ၁ဝ တန်၊ ကျပ် ၂ဝ တန်တွေ ထည့်ထားပြီး ကားခအပြည့်အဝမပေးဘဲ စီးနေတာတွေ ရှိပါတယ်'' ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တချို့လူတွေက စည်းကမ်းမရှိကြဘူး။ ယာဉ်စီးခကိုလည်း ထည့်ချင်သလို ထည့်ကြတယ်။ အချောင်သမားတွေပေါ့ဗျာ။ ဒီလို စည်းကမ်းမရှိတဲ့သူတွေကို ထိထိရောက်ရောက် လုပ်ဖို့လိုတယ်။ အဲ့ဒါမှ မှတ်မှာ။ စိတ်ဓာတ်ကိုက အောက်တန်းကျပါတယ်ဗျာ။ အဲ့လို အောက်တန်းကျတဲ့လူတွေ ရှိနေသ၍ ပြုပြင်ပြောင်းလဲတာတွေ ရှေ့ရောက်ဖို့ တော်တော်ခဲယဉ်းနေမှာပဲ” ဟု ထောက်ကြန့်မြို့မှ ရန်ကုန်မြို့တွင်း လာရောက်အလုပ် လုပ်ကိုင်သည့် ကိုနောင်နောင်က ပြောသည်။

BRT Lite ဘတ်စ်ကားလိုင်း၏ ယာဉ်စီးခ ငွေပေးချေ ကတ်ရောင်း ချခြင်းနှင့် ငွေဖြည့်ခြင်းများအတွက် မှတ်တိုင် ရှစ်ခုဖြစ်သော ထောက်ကြန့်၊ ၈မိုင်၊ မာလာ၊ မြေနီကုန်း၊ သမ္မတ၊ ဝါယာလက်၊ လမ်းနီ၊ ဗိုလ်တထောင် မှတ်တိုင် တို့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

The Ladies News
BRT Lite ယာဉ် မှတ်တိုင်များ ဖျက်ဆီးခံရ၊ ယာဉ်စီးခမပေးချေဘဲ စီးနင်းနေမှုများရှိနေ BRT Lite ယာဉ် မှတ်တိုင်များ ဖျက်ဆီးခံရ၊ ယာဉ်စီးခမပေးချေဘဲ စီးနင်းနေမှုများရှိနေ Reviewed by SwaiSon on 12:26 AM Rating: 5

No comments