ရန်ကုန်မြို့တွင်းရှိ လမ်းလယ်ဘလောက်တုံးများအစား စတီးသံဆန်ခါများ တပ်ဆင်မည်
****************************************
ရန်ကုန်မြို့တွင်းရှိ လမ်းလယ်ဘလောက်တုံးအချို့ကို ဖြုတ်သိမ်းကာ စတီးသံဆန်ခါများ တပ်ဆင်မည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ခွဲမှူးရုံးမှ သိရသည်။
ယင်းသို့ လမ်းလယ်ဘလောက်တုံး နေရာတွင် စတီးသံဆန်ခါများ တပ်ဆင်မည့် အပြင် ကမ္ဘာအေးဘုရားလမ်း ၁၀၆ မှတ်တိုင်အနီးမှ ချမ်းမြေ့ရိပ်သာ ဘုန်းကြီးကျောင်းရှေ့အထိ လမ်းလယ် ဘလောက်တုံးများနှင့် ပါရမီမီးပွိုင့်အလွန် လူမှုဝန်ထမ်းကျောင်းရှေ့မှ ကျောက်မျက်ပြတိုက်ရှေ့အထိ လမ်းလယ် ကွန်ကရစ်တုံးများအား ယာဉ်ကြောကျပ်တည်းမှု မရှိသဖြင့် ဖြုတ်သိမ်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ ခွင့်ပြုချက်ရထားပြီး ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မေတွင် ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် မဟာဗန္ဓုလ လမ်းမပေါ်ရှိ လမ်းလယ် ဘလောက်တုံးများအား ဖယ်ရှားခဲ့ပြီးနောက် ဇွန် ၃၀ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယခုဇူလိုင် ပထမပတ်မှစ၍ မြေနီကုန်း ခုံးကျော်တံတား အဆင်းမှ ပါရမီလမ်းဆုံ မီးပွိုင့်အထိ၊ လှည်းတန်းခုံးကျော် တံတားအဆင်းမှ ပါရမီလမ်းဆုံ မီးပွိုင့်အထိ၊ ရွှေဂုံတိုင် ခုံးကျော်တံတားအဆင်းမှ ဆရာစံလမ်းဆုံအထိ၊ ဗဟန်း (၃) လမ်းထိပ်ရှိ ဆရာစံလမ်းမီးပွိုင့်မှ ကုက္ကိုင်းခုံးကျော်တံတား အတက်နေရာအထိ၊ ရွှေဂုံတိုင် ခုံးကျော်တံတား အဆင်းမှ စက်မှု (၁) မီးပွိုင့်အထိ၊ ကျောက်မျက်ပြတိုက်ရှေ့မှ ကမ္ဘာအေးဘုရားလမ်းအထိ စသည့် နေရာများရှိ လမ်းလယ်ဘလောက်တုံးများ အစား ပြည်သူများ အမြင်တင့်တယ်စေမည့် စတီးသံဆန်ခါများ ပြောင်းလဲတပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ မြို့တွင်းခြောက်မြို့နယ်ရှိ လမ်းမကြီးများ၊ မီးပွိုင့်ထိပ်များ၊ ယာဉ်ကြောစုပြီး ကျပ်တည်းနိုင်သည့် နေရာများတွင် ဘလောက်တုံးများချ၍ ကန့်သတ်ခဲ့ခြင်းဖြစ်ပြီး ဘလောက်တုံးများကြောင့် မြို့တွင်းခြောက်မြို့နယ်ရှိ ခရီးသည်တင် ဘတ်စ်ကားများ သွားလာမှု များပြားသည့် နေရာများတွင်လည်း ဘတ်စ်ကားလမ်းကြောင်းများနှင့် အခြားယာဉ်များ၏ လမ်းကြောင်းများကို ကန့်သတ်သည့် အနေဖြင့် ဘလောက်တုံးများ ချခဲ့ခြင်း ဖြစ်သည့်အပြင် ယာဉ်တိုက်မှုများ လျော့နည်းအောင်၊ ယာဉ်များအား တွေ့ရာနေရာတွင် ချိုးကွေ့ခြင်း မပြုရန်နှင့် အန္တရာယ်ကင်းရှင်းစေရန် ချထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဝသန်
The Ladies News
ရန်ကုန်မြို့တွင်းရှိ လမ်းလယ်ဘလောက်တုံးများအစား စတီးသံဆန်ခါများ တပ်ဆင်မည်
Reviewed by SwaiSon
on
7:00 AM
Rating:
No comments