ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရေလွှမ်းမိုးနေဆဲဖြစ်ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်လေး ခုတွင်လည်း မြစ်ရေတက်ခြင်း ၊ မိုးသည်း ထန်လေပြင်းတိုက်ခြင်းများ ကြုံတွေ့နေရ
ရန်ကုန်၊ ဇူလိုင် ၆-ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုးကြီးခြင်းကြောင့် ရေ လွှမ်း မိုး မှုကိုကြုံတွေ့နေရသည့် အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့ တွင် မြစ်ရေများစိုးရိမ်ရေမှတ် အထက်မြင့်တက်လာခြင်း၊ မိုးသည်း ထန်ခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်း တို့ကိုကြုံတွေ့နေကြရကြောင်း သိ ရသည်။
ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်တွင် အဆက်မ ပြတ်မိုး သည်းထန်စွာရွာသွန်းနေ ခြင်းကြောင့် မင်းပြားမြို့နယ်၊ ကျောက် တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ၊ မြောက်ဦးမြို့နယ် ၊ ဘူးသီးတောင်မြို့ နယ်နှင့် ရသေ့တောင်မြို့နယ် တို့တွင် ရေလွှမ်းခြင်းတို့ကို ကြုံတွေ့နေရ ကြောင်း ဇူလိုင် ၅ရက်မှစတင် ကာ နေအိမ်များသို့ ၀င်ရောက်လာသည့် ရေများမှာ ဇူလိုင်၆ရက်ထိ ကျဆင်း မသွားဘဲ တချို့ဒေသများတွင်ပိုမိုတိုး လာကြောင်း၊ မိုးရွာသွန်းခြင်းမှာ လည်းမရပ်တန့်သေးကြောင်း၊ ဒေသ တချို့အတွက် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ကုန်းမြင့်ရာ နေရာများတွင် ကယ်ဆယ်ရေးစခန်း များ ဖွင့်လှစ်ထားရပြီဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး မြောက်ဦး မြို့ဒေသခံဖြစ်သူ ကိုအာကာစိုးက " မြောက်ဦးကတော့ ရေကြီးတုန်းပဲ။ ဒီနေ့မြို့ထဲမှာတော့ တစ်ပေလောက် ကျသွားတယ်။ ဒါပေမဲ့ တခြားနေရာ တွေကတက်နေတုန်းပဲ။ မိုးကလည်း မရပ်ဘူး။ ရွာလိုက်ခဏ နားလိုက်ဖြစ် နေ တယ်။ ကယ်ဆယ်ရေးစခန်းတွေ ဖွင့် ထားရ ပြီ ။ မြောက်ဦးမြို့မဈေးလည်း အား လုံးမြုပ်နေလို့ ဈေး ပိတ်ထား ရတယ်။ ရွာဘက်တွေလည်း မြုပ်နေတုန်းပါပဲ။ ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားပါ ပြီ။ အသေအပျောက်တွေတော့ မကြား မိသေးပါဘူး။ မိုးကတော့ နောက်နှစ် ရက်လောက်တော့ ရွာနိုင်သေးတယ်" ဟုပြောသည်။
မြောက်ဦးမြို့ပေါ်တွင် ကယ် ဆယ်ရေးစခန်းများဖွင့်လှစ် ထားပြီး ဒေသခံများ မှ ရေဘေးလွတ်ရာများ သို့ပြောင်းရွှေ့နေကြကြောင်း၊ လက် ရှိကြုံတွေ့နေရ သည့် အခက်အခဲများ မှာ လက်လုပ်လက်စားလုပ်ကိုင်နေ ရသည့်ဒေသခံ များဖြစ်ကြောင်း၊ ၎င်းင်း တို့ကို စားဝတ်နေရေးကူညီပေးရန်လို အပ်ကြောင်း ၊ မြောက် ဦးသည် ယခင် နှစ်ကရေကြီးခဲ့ခြင်းလောက် မဆိုးရွား သေးကြောင်းသိရသည်။
အလားတူ ကျောက်တော်မြို့ နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦး မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့ တောင်မြို့နယ် အချို့တွင် ရေကြီး မှု ဖြစ်ပေါ်နေခြင်းကြောင့် အခြေခံ ပညာစာသင်ကျောင်း ၅၀၀ ကျော်ကို ယာယီပိတ် ထားရသည်။
ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံ တစ်ဦးက " ရေကအရင်နှစ်လောက် တော့ မများဘူး။ ဒါပေမဲ့ အိမ်အောက် တွေကိုတော့ရေ၀င်နေ ပါတယ်" ဟု ပြောသည်။
ကချင်ပြည်နယ်
ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက် ပြီး မြေနိမ့် ပိုင်းဖြစ်သော ကောင်းဆင့် ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ အုပ်စုများအတွင်း သို့ ဇူလိုင် ၅ ရက် မှစတင်ကာ ရေများ ၀င်ရောက် လာ ခြင်းကြောင့် ယင်းကျေးရွာအုပ်စု များမှ အိမ်ခြေ ၁၆၀ ခန့်ကို ကုန်း မြင့်ပိုင်းဖြစ် သည့် ညောင်ပင်သာကျေး ရွာသို့ ပြောင်းရွှေ့ပေး ထားရကြောင်း သိရသည်။
"အိမ်ထောင်စုအလိုက်ပြောင်း တာတော့မပြောင်းကြသေးဘူး။အဲ ဒီနားကရေလွတ်တဲ့နေရာကိုပဲ ရွှေ့ ကြတယ်။ ပစ္စည်းတွေ၊ ပြောင်းအိတ် တွေ၊ ဘာတွေပြောင်းရွှေ့တာတွေ လုပ်ပေးတယ်။ လောလောဆယ် တော့ အရင်သတ်မှတ်ထားတဲ့နေရာ ညောင်ပင်သာရွာကိုပြောင်းတာကို မလုပ်နိုင်သေးဘူး" ဟု ဗန်းမော်မြို့ နယ်အုပ်ချုပ်ရေးမှူးဦးစွမ်းထက်ဝေ ကပြောသည်။
ယင်းကဲ့သို့ ရေဘေးကြောင့် ပြောင်းရွှေ့နေထိုင်ကြရသူများအား ရဲတပ်ဖွဲ့များ၊ ကြက်ခြေနီအသင်းဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများနှင့် လူမှုရေးအဖွဲ့များအ ပါအ၀င် လူဦးရေ ၁၀၀ ကျော်က အကူအညီပေးရန် သွားရောက်ခဲ့ပြီး၊ ဆန်၊ ပဲ၊ ခေါက်ဆွဲခြောက်ထုပ်၊ ရေ သန့်အစရှိသည်တို့ကို ကူညီပေးခဲ့ ကြောင်း သိရသည်။
ခန္တီးမြို့နယ်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာ များအတွင်းသို့ ချင်းတွင်း မြစ်ရေမြင့်တက် လာခြင်းကြောင့် ဇူ လိုင် ၅ ရက်မှစတင် ကာ ရေများစ တင်ဝင်ရောက်လာခဲ့ကြောင်း ခန္တီး ခရိုင်အုပ်ချုပ်ရေး မှူးရုံးမှသိရသည်။
လက်ရှိတွင် ချင်းတွင်းမြစ်ရေ သည် ခန္တီးမြို့၏စိုးရိမ်ရေမှတ် အထက် နှစ်ပေခန့်မြင့် တက်နေပြီး မြို့ပေါ် ရပ်ကွက် (၅) ရပ်ကွက်၊ ဆင်သေ၊ ကင်းတော်၊ သိမ်နန်း၊ ကောင်းတိန် စသောကျေးရွာများတွင်လည်း ရေ များဝင်ရောက်နေကြောင်းသိရသည်။
"မိုးကတော့တိတ်သွားပြီး ဒီနှစ် ရေတက်တာ မနှစ်ကထက်စောတယ်။ အာဏာပိုင်တွေဘက်က ရေဘေးအ တွက် ဘာမှပြင်ထားတာ တော့မတွေ့ ရဘူး" ဟု ခန္တီးမြို့မှ ကိုအောင်ဆန်း မြင့်ကပြောသည်။
မြစ်ရေမြင့်တက်ခြင်းကြောင့် ခန္တီး မြို့ရှိဈေးတွင်လည်း ဆိုင်ခန်းတချို့ ကိုပိတ်ထားရကြောင်း၊ မြို့ပေါ်နှင့် ကျေးရွာများတွင် စာသင်ကျောင်း ကိုး ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။
"ပေါမိုင်းရပ်ကွက်က ဘုန်းကြီး ကျောင်းမှာတော့ ရေဘေးကြောင့် လူ ၃၀ လောက်ရောက်နေတယ်။ ဒီရေ နဲ့မိုးရောတက် တာကြောင့် ပါ။ ဆက် ရွာရင်တော့စိုးရိမ်ရတယ်။ ဒါပေမဲ့ နှစ်စဉ်ကြုံတွေ့ရတဲ့ ဟာတစ်ခုပါ ပဲ။ရေ ထွက်ပေါက်တွေ က ရေ၀င်လို့မြို့ ပေါ်ရောက်နေတာ။ ကမ်းနားကနေ ၀င်တာမဟုတ်ပါဘူး" ဟု ခန္တီးခရိုင် အုပ်ချုပ်ရေးမှူးဦးဇော်ဇော်က ပြော သည်။
အဆိုပါဒေသတွင် ၂၀၀၇ ခုနှစ် တွင်တစ်ကြိမ်ရေလွှမ်းမိုးမှုဖြစ်ပေါ် ခဲ့ပြီးနောက် မြို့ထဲရေ၀င်ရောက်ခြင်း မှာ နှစ်နှစ်ဆက်တိုက်ရှိပြီဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး သာယာ ၀တီခရိုင်လက်ပံတန်းမြို့နယ် တွင် လေပြင်း တိုက်ပြီး မိုးသည်း ထန်စွာ ရွာသွန်းခြင်းကြောင့် မြို့ပေါ်ရပ်ကွက် တစ်ခုနှင့် ကျေးရွာအုပ်စု ရှစ်ခုခန့် တွင် လူနေအိမ်များပျက်စီးခြင်း၊သစ် ပင်များပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မြို့ပေါ်ရပ်ကွက် ဘီးလင်းတန်း ရပ်ကွက်၊ ကြို့ပင်စခန်းကျေးရွာအုပ် စု၊ ကညင်တန်းကျေးရွာ၊ ပုတိမ်စု ကျေးရွာ အုပ်စု၊ ချောင်း ခွကျေး ရွာ၊ ကြပ်ကလေးကျေးရွာ၊ ဂုံမင်းကျေး ရွာအုပ်စု၊ လင်းတကွင်းကျေးရွာနှင့် ရှားစီးဖိုကျေးရွာတို့တွင် အိမ်များ ပျက်စီးခြင်း၊ သစ်ပင်ပြိုလဲခြင်း၊ သု သာန်ဇရပ်တစ်ခုပျက်စီးခဲ့ကြောင်း သိရသည်။
"နံနက် ၅ နာရီလောက်မှာ မိုး ရောလေရောတိုက်တယ်။ လေက တ အားပြင်းတော့ကြောက်တာပေါ့၊ ကလေးကို ကျွန်မက ကိုယ်နဲ့မကွာ ထားတာ၊ လေကြမ်းလွန်းတော့ အိမ် လေးပြိုကျသွားပြီး သားအမိနှစ် ယောက် အိမ်ပိနေတာ။ ကိုယ့်ဘာသာ ကြိုးစားပြီး ကလေးနဲ့အတူ ထရံ ပေါက်ကနေ တစ်ဆင့် မနည်းထွက် ခဲ့ရတယ်။ ဒဏ်ရာတော့မရဘူး" ဟု ကညင်တန်းကျေးရွာမှ ဒေါ်ချိုမြင့် က ပြောသည်။
ယခုနှစ်တွင် သဘာဝဘေးကျ ရောက်မှုများမှာ ယခင်နှစ်များထက် ပိုမိုကျရောက်လာပြီး ယင်းတို့ကိုတာ ၀န်ရှိသူများက သဘာဝဘေးကြိုတင် ပြင်ဆင်ရေးအစီအစဉ်များ ပြုလုပ် ကာ ဒေသခံများကို အသိပေးနှိုး ဆော်သင့်ကြောင်း ဒေသခံများက ဆိုသည်။
" ရွာမှာဒီလောက်လေပြင်းတိုက် တာတစ်ခါမှမကြုံဖူးဘူး။ လေကြမ်း လွန်းလို့ သုသာန်ဇရပ်တောင်ပျက် စီးကုန်တယ်။ အိမ်တွေလည်းပျက်စီး တယ်" ဟု ကြပ်ကလေးကျေးရွာမှ ဦးမင်းနိုင်ကပြောသည်။
မကွေးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီး ငဖဲမြို့ နယ်နှင့်စေတုတ္တရာမြို့နယ်သို့ သွား ရာကားလမ်းမပေါ်ရှိ ဆီမီးချောင်း တံတားမှာ မိုးသည်းထန်စွာရွာသွန်း ပြီး ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးနေကြောင်း သိရသည်။
" တံတားရဲ့အောက်ခြေက ခုံ တွေရေတိုက်စားပြီး ပျက်စီးနေတယ်။ တံတားတိုင်တွေအထိ ရေတိုက်စား လာရင် တံတားကြီးအတွက်စိုးရိမ်ရ တယ်။ အရေးပါတဲ့တံတားတစ်ခု လည်းဖြစ်တယ်" ဟု စေတုတ္တရာမြို့ နယ် ကျောက်ပုံရွာမှ ဦးခင်မောင်မြင့် က ပြောသည်။
အဆိုပါဒေသတွင် ယခင်နှစ် ကလည်း မိုးသည်းထန်စွာရွာသွန်း ပြီး ရေလွှမ်းမိုးခဲ့ခြင်းကြောင့် ယခုနှစ် တွင် ယင်းသို့ဆိုးရွားစွာ မဖြစ်ပေါ် အောင် ဌာနဆိုင်ရာများနှင့် အရပ် ဘက်အဖွဲ့အစည်းများ မှဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ပွင့်ဖြူမြို့နယ်
ပွင့်ဖြူမြို့နယ်သည် ယမန်နှစ် က ဆိုးရွားစွာရေကြီးမှုဒဏ်ကို ကြုံ တွေ့ခဲ့ရပြီး ယခုနှစ်တွင် ယင်းသို့မဖြစ် လာစေရန် ကြိုတင်ပြင် ဆင်မှုများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေး ကယ်ဆယ်ရေးစခန်းများ ကို ဖွင့်လှစ်ရန်ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းအပြင် စစ်ကိုင်းတိုင်းဒေသ ကြီးတစ်ခုလုံးအတွင်း သဘာဝဘေး အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ကယ်ဆယ်ရေး စခန်းဖွင့် မည့် နေရာများ၊ အဆောက်အအုံများပြင် ဆင်ထားရှိမှုများ အတွက်လည်း ဌာန ဆိုင်ရာများမှ ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေဆဲဖြစ် ပြီး ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ နေ ပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည် နယ်တို့တွင် နေရာကွက်ပြီး ဆက်လက် မိုးကြီးနိုင်သေးကြောင်း၊ ချင်းတွင်း မြစ်ရေသည်လည်း ခန္တီး၊ ဟုမ္မလင်း တို့တွင် စိုးရိမ်ရေမှတ်များ အထက် အသီးသီးကျော် လွန်နေခြင်းကြောင့် မြစ်ကမ်း အနီးနှင့် မြေနိမ့် ပိုင်းတွင်နေ ထိုင်သူများ အထူးသတိပြုသင့်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဇူလိုင် ၆ရက်က သတိ ပေးထုတ်ပြန်ထားသည်။
#Democracytoday
ဓာတ်ပုံများ - MOI , Myanmar Fire Services Department
မြောက်ဦးရှိ ရေနစ်မြုပ်နေသော စာသင်ကျောင်း - Mg Khie Aung FB
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရေလွှမ်းမိုးနေဆဲဖြစ်ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်လေး ခုတွင်လည်း မြစ်ရေတက်ခြင်း ၊ မိုးသည်း ထန်လေပြင်းတိုက်ခြင်းများ ကြုံတွေ့နေရ
Reviewed by SwaiSon
on
9:24 PM
Rating:
No comments