ဆော်ဒီရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအနီး အသေခံ ဗုံးခွဲမှုတစ်ခု ဖြစ်ပွား


*****************************************
2016-07-04
ဆော်ဒီအာရေးဘီးယား နိုင်ငံရှိ အမေရိကန် ကောင်စစ်ဝန်ရုံး အနီးတွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဆော်ဒီ၏ ခေတ်သစ် စီးပွားရေး ဗဟိုချက်သဖွယ် ဖြစ်လာသည့် ဆိပ်ကမ်းမြို့ ဂျာဒါးတွင် လူတစ်ဦးက အသေခံ ဗုံးခွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ထိုသူကို ဖမ်းချုပ် တားဆီးရန် အားထုတ်သည့် လုံခြုံရေး ဝန်ထမ်းနှစ်ဦး အတန်ငယ် ထိခိုက်ခဲ့သော်လည်း အခြား မည်သူမျှ ဒဏ်ရာမရခဲ့ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဇူလိုင် ၄ ရက်၊ အမေရိကန် လွတ်လပ်ရေးနေ့ နံနက်အစောပိုင်း အချိန်တွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ စစ်သွေးကြွများသည် ဂျာဒါးရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို ၂၀၀၄ ခုနှစ်ကလည်း တိုက်ခိုက်ဖူးရာ လူ ၉ ဦး အသက်ဆုံးရှုံးခဲ့သည်။

ယခုဗုံးခွဲရန် အားထုတ်မှုသည် ကောင်စစ်ဝန်ရုံး စည်းရိုး၏ ၃၃ ပေမျှအကွာတွင် ဖြစ်ခဲ့ခြင်းဟု မြို့ခံ ရဲတပ်ဖွဲ့က ဆိုသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကောင်စစ်ဝန်ရုံးအနီး ပေါက်ကွဲမှုကို သတိပြုမိကြောင်းနှင့် ဝန်ထမ်းများအားလုံး ဘေးရန်ကင်းရှင်းကြောင်း ကြေညာသည်။

သတင်းများအရ ကောင်စစ်ဝန်ရုံး အနီးရှိ ဆေးရုံတစ်ခုမှ ကားပါကင်အတွင်း လူတစ်ဦး၏ မသင်္ကာဖွယ် လှုပ်ရှားမှုကြောင့် လုံခြုံရေးများက စစ်ဆေးရန် ကြိုးစားစဉ် ထိုသူက အသေခံ ဗုံးခွဲခဲ့ခြင်းဟု သိရသည်။ ထို့နောက်တွင်မူ ဗုံးရှင်းလင်းရေး အဖွဲ့က ကားပါကင်ထဲတွင် ထိုသူရပ်ခဲ့သည့် ကားကို စစ်ဆေးကာ ဖောက်ခွဲရေး ပစ္စည်း ၃ ခုကို ထိန်းချုပ် ဖောက်ခွဲခဲ့ရကြောင်း အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိခဲ့သည့် သတင်းထောက် တစ်ဦးက ပြောကြားခဲ့သည်။
Ref: Al Jazeera
7Day
ဆော်ဒီရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအနီး အသေခံ ဗုံးခွဲမှုတစ်ခု ဖြစ်ပွား ဆော်ဒီရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအနီး အသေခံ ဗုံးခွဲမှုတစ်ခု ဖြစ်ပွား Reviewed by SwaiSon on 5:47 AM Rating: 5

No comments