တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် ပါကစ္စတန်နိုင်ငံသားတစ်ဦး ၁၀၅ မိုင်တွင်ဖမ်းမိ



ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့(၁ဝ၅)မိုင် ကုန်သွယ် ရေးဇုန်တွင် ပါကစ္စတန်နိုင်ငံသားMr. Muhammad Aman (၃၈)နှစ်သည် ဇွန် ၃ဝ ရက် ညနေ ၄ နာရီခန့်က ဇုန်ယာဉ်ငယ်စစ်ဆေးရေးဂိတ်ရှေ့မှ ခြေကျင်ဖြတ်လျှောက် စဉ် ယာဉ်ငယ်စစ်ဆေးရေးအဖွဲ့ အမှတ်(၇) လူဝင်မှု ကြီးကြပ်ရေးဌာန အဖွဲ့(၅)မှ မသင်္ကာသဖြင့် ဆိုင်ကယ်ဖြင့် လိုက်လံစုံစမ်းခဲ့သည်။

အဆိုပါ ပါကစ္စတန်နိုင်ငံသားသည် စစ်ဆေးရေးဂိတ် အလွန် ကိုးမြို့ရှင်နတ်နန်းအနီး၌ အသင့်ရပ်စောင့်နေသော မူဆယ်-ရန်ကုန်လိုင်း9D။----- ဂျူပီတာကားအသင်း၏ မှန်လုံယာဉ်ပေါ်သို့ တက်ရောက်သည်ကို တွေ့ရှိရသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ ၂ဝ၁၄ ခုနှစ်၏ သက်တမ်းလွန် နိုင်ငံကူးစာအုပ်အမှတ်LA 4115511 ကိုသာ ကိုင်ဆောင် ထားပြီး တရားဝင်နိုင်ငံကူးလက်မှတ်မပါရှိသည့်အတွက် လူဝင်မှုကြီးကြပ်ရေးမှူး ဦးမြတ်ဇော်က မြို့နယ် လဝကမှူးရုံးသို့ အပ်နှံခဲ့သည်။

ပါကစ္စတန်နိုင်ငံ HNo.Pd949; st6.Pindora Rawalpindi တွင်နေထိုင်ပြီး တရုတ်ပြည် ကျဲကျန်ပြည်နယ် ဥယုံကျူးမြို့သို့ ၂ဝဝ၅ ခုနှစ်တွင် ရောက်ရှိကာ ဆေးအလှ ကုန်နှင့် အထည်အလိပ်တို့ကို ပါကစ္စတန်နိုင်ငံသို့ တင်ပို့နေ သူဖြစ်ကြောင်း သိရသည်။

ကြယ်ကောင်-မူဆယ် နယ်စပ်ခြံစည်းရိုး၏ တရား မဝင်ခိုးပေါက်များမှ မူဆယ်မြို့အတွင်းဝင်ရောက်ခဲ့ပြီး မူဆယ်မှ ရန်ကုန်မြို့ရှိ ပါကစ္စတန်သံရုံးသို့ Passport လုပ်ရန်သွားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

အလားတူ 9D။------ ၏ ယာဉ်မောင်း ဦးတင်စိုး သည် တရားမဝင် ဝင်ရောက်ခဲ့သူ ပါကစ္စတန်နိုင်ငံသားအား ယာဉ်ပေါ်မှဆင်း၍ ခြေကျင်လျှောက်စေကာ စစ်ဆေးမှု အား ရှောင်လွှဲရန်ကူညီခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည့် အတွက် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)ကို ပါကစ္စတန်နိုင်ငံသားနှင့် ယာဉ်မောင်း ဦးတင်စိုးတို့ကို အရေးယူပေးပါရန် မြို့နယ်ဦးစီးမှူးရုံး လဝကဦးစီးအရာရှိ ဦးဇော်မင်းသိန်းက တရားလိုပြုလုပ်တိုင်ကြားလာသဖြင့် မူဆယ်မြို့မရဲစခန်းက (ပ)၂၆၉/၁၆၊ လဝကအက်ဥပဒေ ပုဒ်မ ၁၃(၁)/၁၃(၂)ဖြင့်အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

ရက် ၁ဝဝ စီမံချက်၏ မြို့နယ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးအတွက် မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များက ပါကစ္စတန်နိုင်ငံသား မြန်မာပြည်အတွင်း ဝင်ရောက်ရသည့်ရည်ရွယ်ချက်နှင့် ပြည်တွင်းအဆက် အသွယ်ရှိသူများကို ဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဆရာမောင်(မူဆယ်)
The Mirror Daily
တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် ပါကစ္စတန်နိုင်ငံသားတစ်ဦး ၁၀၅ မိုင်တွင်ဖမ်းမိ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် ပါကစ္စတန်နိုင်ငံသားတစ်ဦး ၁၀၅ မိုင်တွင်ဖမ်းမိ Reviewed by SwaiSon on 7:34 AM Rating: 5

No comments