ဆဲဗင်းဒေးနေ့စဉ်သတင်းစားအား ထောင်ဒဏ်နှစ်ရှည်ကျနိုင်သည့် ပုဒ်မဖြင့် တပ်မတော်မှ အမှုဖွင့်ထားမှု ညှိနှိုင်းဖြေရှင်းရန် စာနယ်ဇင်းကောင်စီ တိုက်တွန်း


******************************************

ဆဲဗင်းဒေးနေ့စဉ်သတင်းစာအား တပ်မတော်မှ ထောင်ဒဏ် နှစ်ပေါင်းမြောက်မြားစွာ ကျခံရနိုင်သည့် ပုဒ်မဖြင့် အအမှုဖွင့်ထားမှုနှင့် ပတ်သက်၍ နှစ်ဖက် ညှိနှိုင်းဖြေရှင်းသော နည်းလမ်းကိုသာ လိုလားကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဇွန်လ ၂၇ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

“စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်း တိုက်တွန်း” ဟူသော ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြသည့် သတင်းကြောင့် 7 Day အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းနှင့် သတင်းထောက် ကိုမင်းဟိန်းကျော် တို့ကို ရန်ကုန်တပ်နယ်မှ တပ်နယ်မှူး ဒုဗိုလ်မှူးကြီးလင်းထွန်းက (ပ) ၃၃၆ / ၁၆ ရာဇသတ်ကြီး ပုဒ်မ ၁၃၁ ဖြင့် ကမာရွတ်မြို့မ ရဲစခန်းတွင် ဇွန် ၂၅ ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးရှုထောင့်ကနေ အခုလိုမျိုး ရေးတယ်လို့ သူတို့ယူဆတယ်။ ဒါပေမယ့်လည်း တကယ်တမ်း ပြောရင် တပ်ကနိုင်ငံရေးမှာ ပါဝင်နေတဲ့ဟာရဲ့ အကျိုးဆက်ပေါ့လေ။ ဥပမာ တပ်က တပ်ပဲနေ။ နိုင်ငံရေးမှာ ဘာမှမပါရင် ဒီလိုမျိုးပြောစရာဆိုစရာ ကိစ္စတွေ ပေါ်လာမှာမဟုတ်ဘူး။ မီဒီယာက မီဒီယာအလုပ် လုပ်တာပေါ့။ အခုကိစ္စကတပ်က နိုင်ငံရေးမှာ နိုင်ငံရေးဆိုတာ လွှတ်တော်မှာပါတာ အားလုံးသိကြတဲ့အတိုင်းပဲ။ အဲ့ဒီလိုဆိုတော့ ဒီဟာမျိုးကို သူရဦးရွှေမန်းကပြောတယ်။ ဒါမျိုးကို သူမကြိုက်ဘူး။ ဒါကလည်း နိုင်ငံရေးအရ သွေးခွဲတယ်လို့ သူတို့ယူဆတယ်ပေါ့။ ပြောချင်တာတော့ နိုင်ငံရေးအရ ပါဝင်ပတ်သက်နေတော့ နိုင်ငံရေးအရ သွေးခွဲတယ်လို့ သူတို့ယူဆတယ်။ အကြောင်းရင်းခံကတော့ နိုင်ငံရေးမှာ တပ်က ပါဝင်ခြင်းကအစပဲလို့ ပြောရမှာပေါ့။ ဒါပေမယ့် မီဒီယာက အဲ့ဒါမျိုးရေးတော့သူက မကြိုက်ဘူးပေါ့။ ကျွန်တော့်အမြင်မှာ မီဒီယာက မီဒီယာအလုပ် လုပ်တယ်လို့ပဲမြင်ပါတယ်” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်က The Ladies သို့ ပြောသည်။

 မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာတစ်ခုခုတွင် ရေးသားဖော်ပြ ထုတ်လွှင့်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တစ်စုံတစ်ယောက်၏ တိုင်ကြားချက်၊ အငြင်းပွားချက်များကို နှစ်ဖက်ညှိနှိုင်း ဖြေရှင်းသော နည်းလမ်းဖြင့် ကျေအေးပြေငြိမ်းစေရန် ရည်ရွယ် လုပ်ဆောင်ပေးလျက် ရှိသည်ဟုလည်း ကြေညာချက်တွင်ဖော်ပြထားသည်။

“ကောင်စီကို အကြောင်းကြားရမယ်လို့ ဥပဒေမရှိဘူး။ ကောင်စီကို အကြောင်းကြားတာတော့ အားလုံးအတွက် အကောင်းဆုံးနည်းပဲ။ တပ်အတွက်လည်း မီဒီယာနဲ့ ဆက်ဆံရေးအားလုံးအတွက်ပေါ့။ သို့ပေမယ့် ကောင်စီကို တိုင်ကိုတိုင်ရမယ်ဆိုတာမျိုး လုပ်ကိုလုပ်ရမယ် ဆိုတာမျိုးတော့ မရှိဘူး။ ဒါပေမယ့် ပြေလည်စေမယ့် နည်းလမ်းအားလုံး ပြသ၁နာကို အကြီးကြီးမဖြစ်စေတာ ကောင်စီကိုတိုင်တဲ့ နည်းလမ်းပေါ့။ သူတို့လည်းသိပါတယ်။ ဒါပေမယ့် အခုကတော့ သူတို့လည်း အခုက အဲ့လိုမလုပ်ဘူး” ဟု ဦးမြင့်ကျော်က ဆက်လက်ပြောသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက စစ်ဘက်ဆိုင်ရာနှင့် ပတ်သက်၍ ထိခိုက်သည်ဟုဆိုကာ တရားစွဲဆိုခြင်းဖြစ်ပြီး ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် သက်ဆိုင်သည့် ပြစ်မှုခေါင်းစဉ်အောက်တွင် ရှိသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ယင်းကိစ္စနှင့် ပတ်သက်၍ The Ladies သို့ သုံးသပ်ပြောဆိုသည်။

“ဒီသတင်းဂျာနယ်မှာ ထည့်တာကြည့်ရင် မူလအရင်းအမှန်က သူရဦးရွှေမန်းလို့ ကြားသိရတယ်၊ အဲ့ဒီတော့ ဒီဥစ္စာက နောက်ဆက်တွဲမှာပဲ။ သူရဦးရွှေမန်းက ပါလာမလား၊ မပါလာလားဆိုတာ ကျွန်တော်တို့တော့ မသိဘူး။ ကံသေကံမ။ သို့သော် ယနေ့ သတင်းမီဒီယာကောင်စီတွေ ဘာတွေနဲ့တွေ့ပြီး အဲ့ဒီနည်းနဲ့ဖြေရှင်းတာ ပိုကောင်းမယ်လို့ ထင်တယ်။ အဲ့ဒီနည်းနဲ့ ဖြေရှင်းစေချင်တယ်။ အခုလိုစွဲဆိုတယ်ဆိုတော့ သူက ဆယ်နှစ်အထိလည်း ထောင်ဒဏ်ချလို့ ရတယ်။ တစ်သက်တစ်ကျွန်းလို့ ခေါ်တဲ့ အနှစ် ၂၀ ထောင်ဒဏ်ကိုလည်း ချလို့ရတယ်။ အဲ့ဒါ တကယ်အရေးကြီးပါတယ်၊ စိုးရိမ်ရပါတယ်၊ သိပ်ပြင်းလွန်းအားကြီးတယ်လို့ ပြောချင်တယ်။ ဒီနေ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေတဲ့အချိန်မှာ အခုလိုအမှုမျိုး မတက်သင့်ဘူးလို့ပဲ အကြံပြုပါရစေ” ဟု ရှေ့နေဦးရောဘတ်စန်းအောင်က ဆက်လက်ပြောကြားခဲ့သည်။

ယင်းကိစ္စအပေါ် သတင်းမီဒီယာလွတ်လပ်မှုအား ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု စာနယ်ဇင်းအသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများရှိနေသည်။

ဇော်မင်းထွန်း
The Ladies News
ဆဲဗင်းဒေးနေ့စဉ်သတင်းစားအား ထောင်ဒဏ်နှစ်ရှည်ကျနိုင်သည့် ပုဒ်မဖြင့် တပ်မတော်မှ အမှုဖွင့်ထားမှု ညှိနှိုင်းဖြေရှင်းရန် စာနယ်ဇင်းကောင်စီ တိုက်တွန်း ဆဲဗင်းဒေးနေ့စဉ်သတင်းစားအား ထောင်ဒဏ်နှစ်ရှည်ကျနိုင်သည့် ပုဒ်မဖြင့် တပ်မတော်မှ အမှုဖွင့်ထားမှု ညှိနှိုင်းဖြေရှင်းရန် စာနယ်ဇင်းကောင်စီ တိုက်တွန်း
Reviewed by SwaiSon on 7:20 AM Rating: 5

No comments