သေကြောင်းကြံပြီး ဦးနှောက်သေသွားတဲ့ ကိုရီးယားမင်းသားရဲ့ ကိုယ်အင်္ဂါတွေကို မိသားစုက လှူဒါန်း
Tuesday, June 28, 2016
မင်းသမီး လီဒါဟေး (ချိုဝမ်) နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Lotus Flower Fairy ဇာတ်လမ်းတွဲဖြင့် ကင်မ်ဆွန်မင်းကို မြန်မာပရိသတ်များကြား သိထားကြပါတယ်။
ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေခဲ့တဲ့ တောင်ကိုရီးယားမင်းသား ကင်မ်ဆွန်မင်းမှာ အသက်မသေပေမဲ့ ဦးနှောက်သေသွားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ပြောပါတယ်။ အသက် ၄၃ နှစ်အရွယ် မင်းသား ကင်မ်ဆွန်မင်းဟာ သောကြောနေ့ (ဇွန်လ ၂၄ ရက်) က ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပြီးနောက် ဦးနှောက်သေဆုံးသွားခဲ့ကြောင်း ဆိုးလ်မြို့ရှိ စိန့်မေရီဆေးရုံမှ ဆရာဝန်များက တနင်္ဂနွေနေ့ (ဇွန်လ ၂၆ ရက်) မှာ ပြောကြားပါတယ်။
ယွန်ဟပ်သတင်းဌာနရဲ့ အဆိုအရ မိသားစုဝင်တွေက မင်းသားရဲ့ ကိုယ်အင်္ဂါတွေဖြစ်တဲ့ ကျောက်ကပ်၊ အသည်း၊ အူနဲ့ မျက်ကြည်လွှာတို့ကို လှူဒါန်းသွားရန် သဘောတူညီခဲ့ပြီး ကိုယ်အင်္ဂါတွေ ထုတ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ကင်မ်ဆွန်မင်းရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လှူဒါန်းရန် နှစ်ရက်အတွင်း ဆုံးဖြတ်ခဲ့ကြတဲ့ မိသားစုဝင်တွေကို ကိုယ်အင်္ဂါ လှူဒါန်းရေးဌာနမှ ဆရာဝန် ယန်ချူဝူးက ချီးကျူးလိုက်ပါတယ်။
မင်းသား ကင်မ်ဆွန်မင်းဟာ ၂၀၁၂ ခုနှစ်က မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာလည်း အလားတူပြစ်မှုဖြင့်ပင် အဖမ်းခံခဲ့ရပါတယ်။ ကင်မ်ဆွန်မင်းဟာ ထောင်ကျခံခဲ့ရပြီးနောက် ယခုနှစ် ဇန်နဝါရလမှာ ထောင်ကပြန်လွတ်လာခဲ့ကြောင်း သိရပါတယ်။
ကင်မ်ဆွန်မင်းဟာ ၂၀၀၂ ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ Miss Mermaid ကိုရီးယားဇာတ်လမ်းတွဲမှာ မင်းသမီးဂျန်ဆိုဟီးနဲ့ အတူတွဲဖက် သရုပ်ဆောင်ခဲ့ရာက အောင်မြင် ကျော်ကြားလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ ပရိသတ်များလည်း ကင်မ်ဆွန်မင်းရဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်ရှုဖူးကြပြီး လူသိများတဲ့ ကိုရီးယားမင်းသား ဖြစ်ပါတယ်။
အထူးသဖြင့် မင်းသမီး လီဒါဟေး (ချိုဝမ်) နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Lotus Flower Fairy ဇာတ်လမ်းတွဲဖြင့် ကင်မ်ဆွန်မင်းကို မြန်မာပရိသတ်များကြား သိထားကြပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲမှာ ကင်မ်ဆွန်မင်းက ချိုဝမ်ရဲ့ချစ်သူ ကင်မ်မိုဘင်းအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး မြန်မာပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။
Source & Photo: Yonhap, CNA
Duwun
သေကြောင်းကြံပြီး ဦးနှောက်သေသွားတဲ့ ကိုရီးယားမင်းသားရဲ့ ကိုယ်အင်္ဂါတွေကို မိသားစုက လှူဒါန်း
Reviewed by SwaiSon
on
6:48 AM
Rating:
No comments